နမ့်ခမ်း၊ စက်တင်ဘာ ၆
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ တိကျမှန်ကန်မှုရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နမ့်ခမ့်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်နိုင်က “(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းလမ်းစဉ်များ၊ ရွေးကောက်ပွဲကျင်းပမည့်ကာလအတွင်း မဲလက်မှတ်များ သိုလှောင်ခြင်း၊ စုဆောင်းခြင်းနှင့် သယ်ဆောင်ခြင်းလုပ်ငန်းများ”ကို ဆွေးနွေးညှိနှိုင်းပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ ဦးစီးအရာရှိဦးဇင်မောင်က “မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့ပေါ်/ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ မဲရုံများကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်အသီးသီးတို့က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ”ကို ဆွေးနွေးတင်ပြသည်။
အဆိုပါ ဆွေးနွေးမှုအပေါ် လိုအပ်မှုများနှင့်ပေါင်းစပ်ရမည့်လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြည့် စွတ်ဆွေးနွေးပြီး မဲလက်မှတ်များသိုလှောင်ခြင်း၊ စုဆောင်းခြင်း၊ သယ်ဆောင်ခြင်းနှင့် မဲရုံများ လုံခြုံမှုရှိစေရေးအတွက် မြို့နယ်ရဲမှူးနိုင်လင်းသိန်းက လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် လိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြ ကြောင်းသိရသည်။
ဘဦး(ပြန်/ဆက်)