ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ပင်းတယ ဇွန် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ ၂ နာရီက အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွးက ယခု Talk Show အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ ပင်းတယမြို့နယ်၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်မှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးအကြောင်း၊ မြို့နယ်အတွင်းကျား/မ အခြေပြုအကြမ်းဖက်မှုအတွက် အလုံးစုံ ကူညီမှုတစ်နေရာတည်းမှာ ရရှိသည့်နေရာအဖြစ် ၂၀၁၈ ခုနှစ်မှစ၍ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံအား သတ်မှတ်စီမံဆောင်ရွက် ထားရှိကြောင်းနှင့် အမျိုးသမီးများအကြမ်းဖက်မှု ခံရခြင်းမှလျော့နည်းသွားစေရန် ကာကွယ်ရမည့်နည်းလမ်းများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများဆောင်ရွက်ရန် လိုအပ်ကြောင်းတို့အားရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံအား ကျန်းမာရေး စောင့်ရှောက်မှုကျား/မအခြေပြု အကြမ်းဖက် ခံရသူများအတွက် တစ်နေရာထဲတွင် ဝန်ဆောင်မှုရရှိနိုင်သည့် One Stop Crisis Centre for Gender Based Violences (OSCC) အဖြစ် ဆောင်ရွက်ထားရှိပြီး၊ အမျိုးသမီးအကြမ်းဖက်မှုပြုမှုခံရပါက ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံ၊  ဖုန်းနံပါတ် ၀၉၇၇၀၆၆၃၈၇၈ သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)