ပေါက်တော ဇွန် ၆
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆိုသည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်ထားသော အခြေပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိကျောင်းသား/သူများအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းရေးခိုင်းပြီး၊ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၉၅)ဦး လာရောက်ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော ကျောင်းသား/သူများကို သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်