ပင်းတယမြို့နယ်၌ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက် တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ပင်းတယ ဇွန် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပင်းတယခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပင်းတယမြို့နယ်၊ ကျားကုန်းစံပြကျေးရွာ စိန်သောက်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းတွင် သင်တန်းသူ/သားများအား အတတ်နိုင်ဆုံး လေ့လာသင်ယူကြရန်နှင့် လက်တွေ့ကျကျ အကျိုးရှိစွာပြန်လည် အသုံးချစေလိုကြောင်းစသည်တို့ကိုပြောကြားသည်။ ထို့နောက် ပင်းတယခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူရရှိစေရန် ဖွင့်လှစ်သင်ကြားပေးသည့် ယနေ့သင်တန်းမှတစ်ဆင့် မိသားစုစားဝတ်နေရေးအတွက်သာမက တပိုင်တနိုင် စီးပွားအဖြစ်လုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ထုတ်ကုန်များကိုလည်း အဆင့်မီစွာ ထုတ်လုပ်ရောင်းချနိုင်ရေးတို့အတွက် မိမိတို့ဌာနမှလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

 အဆိုပါ သင်တန်းတွင် ဒေသထွက်သီးနှံဖြစ်သည့် အာလူး၊ ခရမ်းချဉ်၊ နာနတ်သီး၊ သရက်သီး၊ သံပုရာသီးစသည့် သီးနှံတို့အားအဓိကထား သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းနည်းပြ ဆရာမဒေါ်ခင်သိန်းဦးမဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသူ/သား၂၀ ဦးတို့အား (၆.၆.၂၀၂၂) ရက်နေ့မှ (၁၂.၆.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)