ကျောက်တံတား စက်တင်ဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအထောက်အကူဖြစ်စေရန်နှင့်လူစုလူဝေးဖြစ်ပေါ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင် အထိဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁၀၀/ ၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဥ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူ အားလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် စီမံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အသိပေးချက်အား စားသောက်ဆိုင်ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ရွှေနန်းမေ