မုဒုံ ဇွန် ၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ခုဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၆၂၄ ဒသမ ၂၆ သန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ (၁၅ )ရွာတွင် ပြန်လည်ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နိုင်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ချေးငွေများကို ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း စီမံကိန်းမူဘောင်များနှင့်အညီ လုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးရွာများအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများမှ ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးတို့အတွက် ချေးငွေများကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိဝတ်ရည်မွန်က ပြောကြားသည်။
မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁၀) ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၁၄)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၉၇)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၃၂၄)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၇၇) ဦး၊ စီမံကိန်းအသင်းဝင် စုစုပေါင်း ( ၁၄၂၂ )ဦးအတွက် ထုတ်ချေးငွေကျပ် စုစုပေါင်း ၆၂၄ ဒသမ ၂၆ သန်းကို ယခုအခါထုတ်ချေးပေးပြီးဖြစ်ကာ ၂၀၁၄ - ၂၀၁၅ ခု ဘဏ္ဍာနှစ်မှစ၍ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ်အထိ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၉)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)