သီပေါမြို့နယ်၊ နောင်ကတ်ကျေးရွာရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမှန်ကန်မှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေး

သီပေါ၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နောင်ကတ်ကျေးရွာရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျှက်ရှိသော စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ပူးပေါင်း၍ နောင်ကတ်ကျေးရွာရှိ စျေးဆိုင်များ၊ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ တစ်ခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက် (၇) ချက်ကို လိုက်နာကြရန်နှင့် ကုန်အညွှန်းအမှတ်အသား လိုအပ်ချက်ရှိသော ကုန်ပစ္စည်းများကို  ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့သည်။

စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက် လက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)