ပူတာအို ဇွန် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေးရုံး အပေါ်ထပ်တွင် ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ တောင်းဆိုသော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ယခုလို မိုးဦးကာလမှာ သစ်သီးဝလံပန်းမန်မျိုးစုံ ထွက်ရှိတဲ့အချိန်ဖြစ်လို့ ဒေသခံပြည်သူများ အတွက် အကျိုးရှိထိရောက်တဲ့ သင်တန်းဖြစ်ပါတယ်။ သင်တန်းသားတွေ ထုတ်လုပ်တဲ့ တန်ဖိုးမြှင့် စားသောက်ကုန်အမယ်များကို စနစ်တကျ ဓါတ်ခွဲစမ်းသပ်ပြီးတော့ အေးမြသာယာဈေးသာမက ဒေသအနှံ့ ထုတ်လုပ်ရောင်းချနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်း မတည် ရင်းနှီးငွေကိုလည်း အေးမြသာယာအဆင့်မြင့်ဈေး ငွေစုငွေချေး သမဝါယမအသင်းကနေ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းကပြောသည်။
အဆိုပါသင်တန်းတွင် ဝိုင်၊ ယို၊ ဖျော်ရည်၊ ပေါင်မုန့်၊ ကိတ်မုန့်နှင့် သင်တန်းသားများ တောင်းဆိုသော အမယ်များကို ဇွန်(၆)ရက်မှ (၁၂)ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်ကြာ သင်တန်းသား/သူ စုစုပေါင်း (၂၀) ဦးတို့ကို နည်းပြ သုတေသန-၄ ဦးခေါဆောင်၊ ဒေါ်မာမာလင်းနှင့် နည်းပြအကူ ဒေါ်ယဉ်ငြိမ်းအေးတို့က စာတွေ့ လက်တွေ့ အတတ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိကာလမှာ စားသောက်ဈေးနှုန်းဟာ အဆမတန်ကြီးမြင့်ပြီးတော့ ပြည်ပမှ ဝင်ရောက်လာတဲ့ အချိုရည်တော်တော်များများဟာ ဓါတုဗေဒ အခြေခံထုတ်လုပ်ထားတဲ့အတွက် သဘာဝ သစ်သီးဝလံသီးနှံ အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဖျော်ရည်၊ ယို၊ ဝိုင်များလောက် မကောင်းမွန်ပါဘူး။ စားသုံးကြတဲ့သူတွေကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီဌာနကနေ သင်တန်းမှာပို့ချတဲ့ နည်းပညာအခြေခံတန်ဖိုးမြှင့်စား သောက်ကုန်များ နေရာအနှံ့မှာ ဈေးကွက်တင် ရောင်းချလာတာကို တွေ့ရတဲ့အတွက် ဒီသင်တန်းဟာ ဒေသခံပြည်သူတွေအတွက် ထိရောက်အကျိုးရှိတဲ့ သင်တန်းဖြစ်ပါတယ်”ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။
ဖုန်ကန်(ပြန်/ဆက်)