ကျောက်ဆည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း အစည်းအဝေခန်းမတွင် ယနေ့နံနက်(၉)နာရီက ၂၀၂၂-၂၀၂၃ ပထမပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါက်တာဇာနည်ထွန်းက ကျောက်ဆည်မြို့အစိုးရနည်း ပညာ အထက်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျောင်းသား/ကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာ နယ်ပယ်များအလိုက် ကျွမ်းကျင်မှုရှိသော လုပ်သားများဖြစ်ပြီး၊ သက်မွေးပညာကိုသင်ယူလိုသော ကျောင်းသား/ကျောင်းသူများအတွက် အချိန်မရွေး၊နေရာမရွေး သင်ကြား/သင်ယူမှုအခွင့် အလမ်း များ ထောက်ပံ့ပေးနိုင်ပြီး သတ်မှတ်ထားသော စံနှုန်း၊ အညွှန်းမူဘောင်များနှင့်အညီ သင်ကြားသင်ယူမှု နည်းလမ်းများကို အခြေပြု၍ စဉ်ဆက်မပြတ်နည်းပညာဖွံ့ဖြိုးတိုးတက်အတွက် အမြဲဆောင်ရွက်လျက်ရှိကြောင်းနှင့် ထူးချွန်သူများဖြစ်ခဲ့ပါက အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းတွင် ဆက်လက် တက်ရောက်သင်ကြားနိုင်မည် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဌာနမှူးများက သင်ကြားသွားမည့် မေဂျာများအလိုက် မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဂိမ်းကစားခြင်းများကို ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပြီးအခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်း၊ အဆောက်အဦပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်မှု အခြေ အနေပုံစံသစ်နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အဆောက်အဦများဖြစ်သည့် စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် ကျောင်းသား၊ ကျောင်းသူဆောင်များတွင် အေးချမ်းစွာပျော်ရွှင်စွာ လျက်ရှိကြောင်း၊ အဆိုပါ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ အလယ်တန်းအဆင့် (၈) တန်းအောင်မြင်သူများမှစ၍ တက်ရောက်နိုင်ပြီး အသက်အကန့်အသတ်မရှိ တက်ရောက်နိုင်ကြောင်း၊ ကျောင်းဖွင့်ချိန်မှစ၍ (၂)ပတ်အတွင်း သင်ကြားခဲ့သော သင်္ချာဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာရပ်များကို စမ်းစစ်ချက်ဖြေဆို၍ ရရှိလာသည့်အမှတ်ပေါ်မူတည်ကာ မေဂျာခွဲဝေသတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ မေဂျာတစ်ခုလျှင် ကျောင်းသား/သူ (၄၀) ဦးသတ်မှတ်ထားကြောင်း၊ ယခုကျောင်းမှ ထူးချွန်စွာအောင်မြင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (AGTI)နှင့် နည်းပညာတက္ကသိုလ်ရှိ B.Tech ဘာသာရပ်တို့ကို ဆက်လက်တက်ရောက်သင်ယူခွင့်ရှိကြောင်း သိရသည်။

သက်မောင်