မိုးညှင်း ဇွန် ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီက ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ အဖွဲ့ဝင် ဗိုလ်မှူးအာကာဦးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာမျိုးမျိုးဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြမည့် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း စာရင်းမှတ်တမ်းရေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသားမိဘ အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာ၌ ဇွန်လ(၃)ရက်နေ့မှ (၅)ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၇၇၇)ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများအား ရာနှုန်းပြည့်မီသည့်အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)