နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆

အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ပြီး “အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးစံပြ ကျေးရွာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်နေတာနှင့်အညီ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများအဖြစ် ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာအပါအဝင် လယ်ဝေးမြို့နယ် သော်မှော်ကုန်း ကျေးရွာနှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတို့ကို  အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခုကဲ့သို့ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း စတဲ့အကျိုးကျေးဇူးများရရှိလာမှာဖြစ်သည့်အပြင် လူမှုစီးပွားဘဝမြင့်တက်လာပြီး ခေတ်မီစံပြကျေးရွာကြီးဖြစ်လာမည်ဟု မျှော်မှန်းပါကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် ကျေးရွာသားများအနေဖြင့် ယခုသင်တန်းက ပို့ချပေးသည့် နည်းပညာတွေကို အလေးထားသင်ယူကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါကြောင်း၊  အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ကျေးရွာလိုအပ်ချက်များ ကိုလည်း ဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ကျေးရွာသူ/ ကျေးရွာသားများ၊ ရပ်မိ/ ရပ်ဖများအနေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန် ပစ္စည်းများအားကြည့်ရှုပြီး ကျေးရွာ အတွင်း ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ဇွန်လ (၆)ရက်နေ့မှ(၁၉)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရေပြာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေးနေမှုအား သွားရောက်ကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေနေမှုအခြေအနေအား တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ရေပြာကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကို စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၂၄)ဦးအတွက် ငွေကျပ်(၅၈)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၈၃)ဦးအတွက် ငွေကျပ် (၁၄၃)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၈၄)ဦးအတွက် ငွေကျပ်(၁၅၇)သိန်း၊ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအတွက် ငွေကျပ်(၁၃)သိန်း၊ စုစုပေါင်းလုပ်ငန်းလုပ်ကိုင်သူ (၁၉၇)ဦး အတွက် ငွေကျပ် (၃၇၁)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)