နေပြည်တော် ဇွန် ၆
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သည့် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းလုပ်ငန်းတာဝန်များကို ခေတ်မီသစ်လွင်သော အစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ကြီးသုံးရပ်နှင့်အတူ အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များ၏စိတ်ပိုင်းဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများတိုးတက်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ဌာန၏လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ဦးတည်၍ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင်သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိ သင်ယူပြီး မိမိဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် ဝန်ထမ်းများကို ပြန်လည်မျှဝေပေးရမည် ဖြစ်ပါကြောင်း၊ အရာရှိစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးစားသင်ယူပြီး လက်တွေ့လုပ်ငန်းတွင်အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရာရှိစွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ အရာရှိစွမ်းရည်မြှင့် သင်တန်း (၂/၂၀၂၂) ကို နှစ်ပတ်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (၂၂)ဦး တက်ရောက်ကြပြီး ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ e-Library Management System Software အသုံးပြုနည်းသင်တန်း (၂/၂၀၂၂)သင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင်နေကြသည့် ဝန်ထမ်း(၃၀)ဦးတို့ တက်ရောက်ကြပြီး ဇွန်လ(၆) ရက်နေ့မှ(၁၀)ရက်နေ့အထိ စာကြည့်တိုက်ပညာရပ်ဆိုင်ရာများနှင့် e-Library Management System Software အသုံးပြုနည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)