Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်းသင်တန်း(၂/၂၀၂၂)ဖွင့်လှစ်

ပျဉ်းမနား ဇွန် ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး        e-Library Management System Software  အသုံးပြုနည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ခရိုင်နှင့်မြို့နယ်များမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်တွေမှာ သမားရိုးကျစနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ စာအုပ်စာစောင်များမှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းတွေကို ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနဲ့အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ပြည်သူ့စာကြည့်တိုက်များက Digital Library စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Software အသုံးပြုနည်းသင်တန်းတွေ စီစဉ်ဖွင့်လှစ်ပေးခဲ့တာ ယခုသင်တန်းဟာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊   e-Library Management System Software ကို အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာရုံးများအလိုက် စာအုပ်စာရင်းများရေးသွင်းခြင်း၊ ရက်လွန်စာအုပ်များအခြေအနေ၊ စာဖတ်ပရိသတ်ဦးရေနှင့် အကြံပြုချက်များကို ဦးစီးဌာန(ရုံးချုပ်) အနေဖြင့်လည်း Software အသုံးပြုစောင့်ကြည့် ကြီးကြပ်နိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်ရုံးများအနေဖြင့်လည်း သက်ဆိုင်ရာရုံးများအလိုက် စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်နေမှုတွေကို ကြီးကြပ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြတဲ့ သင်တန်းသားတွေ အနေနဲ့ သင်ကြားပိုချပေးတဲ့ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် အသုံးချကြရမှာဖြစ်သလို မိမိရုံးရှိအခြား ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေဆောင်ရွက်ပေးကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင်နေကြသည့် ဝန်ထမ်း(၃၀)ဦးတို့ တက်ရောက် လျက်ရှိပြီး ဇွန်လ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ e-Library Management System Software အသုံးပြုနည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)