ထောက်ကြန့်မြို့ သပြေညိုပညာဒါန အကျိုးဆောင်အသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သပြေညိုခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက သပြေညိုပညာဒါန အကျိုးဆောင်အသင်း၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သပြေညိုပညာဒါနအကျိုးဆောင်အသင်း စတင်တည်ထောင်ခဲ့သူ၊ အသင်း၏ဥက္ကဋ္ဌလဲဖြစ်သူ ဦးတင်ညွန့်က အသင်း တည်ထောင်ဖြစ်ခဲ့ပုံနှင့် ယနေ့အချိန်ထိ အသင်းကြီးမှ ပရဟိတလုပ်ငန်းများအနေဖြင့် နှစ်စဉ်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်များလှူဒါန်းပေးခြင်း ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုများ ရရှိသည့်ကျောင်းသား ကျောင်းသူများကိုလည်း ဆုများချီးမြှင့်ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးနိုင်ခြင်း၊ တက္ကသိုလ်ဝင် တန်းဝင်ရောက်ဖြေဆိုမည့် ဆင်းရဲနွမ်းပါး၍ ကျူရှင်မတက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အခမဲ့ပညာသင်ကြားပေးခြင်း၊ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးနှစ်ဘာသာနှင့်အထက် အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဘာသာလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ ပေးခြင်းများအပြင် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကွန်ပျူတာသင်တန်း၊ စာဖတ်စွမ်းရည်သင်တန်း၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ် စကားပြောသင်တန်းများ အခမဲ့သင်ကြားနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ဆန်၊ ဆီ၊ ဆား စသည့်များကို လိုအပ်နေသည့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများကိုလည်း လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းနိုင်ခဲ့သည်။

အသင်းကြီး၏ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့်အထဲမှ အထင်ကရ မှတ်တမ်းတစ်ခုဖြစ်သည့် (၂၀၁၇) ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် ထောက်ကြန့် မြနန္ဒာပန်းခြံအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား သိန်း (၆၅၀) ခန့်ကုန်ကျခံပြီး စိုက်ထူနိုင်ခဲ့သည်။ ယခုလက်ရှိ အချိန်တွင် သပြေညိုစေတနာသွေး အလှူရှင်အသင်းကို အသင်းသား (၅၀) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။ တက်ရောက်လာကြသည့် လူကြီးမင်းများအနေဖြင့် အသင်းကြီးအတွက် တက်နိုင်သမျှ ပါဝင်လှူဒါန်းစေလိုပါကြောင်း ပြောကြားခဲ့ပြီး သပြေညိုပညာဒါန အကျိုးဆောင် အသင်းမှ မွေးထုတ်ပေးနိုင်ခဲ့သည့်   ယနေ့အချိန်တွင် အောင်မြင်စွာ ရပ်တည်နိုင်နေပြီဖြစ်သော ကိုစွမ်းရည်ထူးက သပြေညိုပညာဒါန အကျိုးဆောင်အသင်းကြီးမှ တာဝန်ရှိသူများ အားလုံးကိုကျေးဇူး တင်ရှိပါကြောင်း ၎င်းအနေဖြင့် အသင်းကြီးရဲ့ လုပ်ငန်းလိုအပ်ချက်များကို ပါဝင်ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းကြီး၏ (၁၀)နှစ်​​ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )