မိုင်းရှူး ဇွန် ၆
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား အခြေခံပညာအဆင့် ကျောင်းသား/သူများအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မိုင်းရှူးမြို့နယ်အတွင်းရှိ အထက(ခွဲ)ဝမ်ဆော့၊ အလက မိုင်းအော့၊ အလက (ခွဲ)နမ့်တောင်၊ မူလွန် နားစံ၊အမက ပုံဆန်၊ အမက လွိုင်နှိုင်းကျောင်းများကို တပြိုင်နက်တည်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် အခြေခံပညာကျောင်းများလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)