ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် တစ်အိမ်တက်ဆင်း ကျန်းမာရေး စစ်ဆေးမှုနှင့် ကိုယ်ပူချိန်တိုင်းခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးပွဲ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးရှိသူများနှင့်အနီးကပ်ထိတွေ့မှု ရှိ/မရှိ(contact tracing) အရှိန်အဟုန်မြှင့်တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေးမှုနှင့် ကိုယ်ပူချိန်တိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန် နေ့မနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ လူမှုကူညီ ရေးအဖွဲ့ဝင်များ တက်ရောက်ပြီး မြို့နယ် ကိုဗစ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ယခုအချိန်သည် ကူးစက် မြန်‌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်အတွက် မိမိတို့ မြို့နယ်အတွင်း ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင် ထိန်းချုပ်နိုင်ရေး အတွက် ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ နှင့်အနီးကပ်ထိတွေ့မှု ရှိ/မရှိ (contact tracing) ဆောင်ရွက်နိုင်ရန် တစ်အိမ်တက်ဆင်းကျန်းမာရေး စစ်ဆေးပြီး ကိုယ်ပူချိန်စစ်ဆေးခြင်း များကို အားလုံး ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ် ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များပူးပေါင်း၍ မိမိတို့ရပ်ကွက် ကျေးရွာများ အတွင်း ဆောင်ရွက်နိုင်ရန် လိုအပ်သော ကိစ္စရပ်များ တင်ပြရန်ဖြစ် ကြောင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ လူမှုကူညီရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ လိုအပ်သောအချက်များကို ပြန်လည် တင်ပြခဲ့ကြပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက လိုအပ် ချက်များအား ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေး အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)