ကျောက်ဆည်တက္ကသိုလ်တွင် နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကျောက်ဆည်  ဇွန်  ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ် Theatre ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီခွဲက၂၀၂၂ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင်ကျရောက်သည့် နှစ်(၅၀)ပြည့်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက လူသားများမှီတင်းနေထိုင်သည့်  ကမ္ဘာမြေပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများမှ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှကြီးမှူးပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့နိုင်ငံများနှင့်ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ လုပ်ငန်းများအပေါ် ပိုမိုအာရုံစူးစိုက်မိစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှု ပြဿနာများအတွက် အဓိကစိန်ခေါ်နေမှုများကို သိရှိကာအလေးထား ဖြေရှင်းဆောင်ရွက်လာကြစေ ရန်ရည်ရွယ်ပြီး လူသားပတ်ဝန်းကျင်ညီလာခံကျင်းပခဲ့ပြီး နှစ်စဉ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များ ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်မှ စတင်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးရှိမြို့ကြီးများတွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို လှည့် လည်ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ပေးပို့သော သဝဏ်လွှာအား ဗွီဒီယိုမက်(စ်)ဆေ့ဖြင့်ပြသပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗွီဒီယိုအားဆက်လက်ပြသခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် အခမ်းအနား တက်ရောက်လာသူများက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။

သက်မောင်