ကျိုင်းတုံ ဇွန် ၆
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းကို ဇွန်လ ၂ ရက်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဇွန်လ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အဆောက်အဦနည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော်ယာဉ်နည်းပညာ ဘာသာရပ်များကို သုံးနှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်သည့်ကာလများတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် တစ်လငွေကျပ် ၃၀၀၀၀ နှုန်းအစိုးရမှ ထောက်ပံ့ပေးသွာမည်ဖြစ်ကာ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား ၁၅ ဦး တက်ရာက်လျက်ရှိသည်။
အဆိုပါသင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9)အောင်မြင်သူများ တက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်ပြီးစီးပါက အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိမည်ဖြစ်ပြီး ထူးချွန်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် A.G.T.I ပထမနှစ်သင်တန်း၊ B.Tech ပထမနှစ်သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)တွင် အခြေခံအပ်ချုပ်ကာလတို သင်တန်းကို ဇွန် ၅ ရက်မှ ဇူလိုင် ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသူ ၁၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)