ကွမ်းခြံကုန်း စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းကစ၍ တော်ကူးအရှေ့ကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကဒ်များ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လိုအပ်သော အချက်အလက်များကို စိစစ်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီခဲ့ကြပြီးကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံသား စိစစ်ရေးကဒ် လာရောက်ပြုလုပ်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်ရန်၊ လူစုလူဝေးမဖြစ်အောင်စာရင်းသွင်းပြီး အလှည့် ကျစောင့်ဆိုင်းပြီးမှ မိမိအလှည့်ရောက်မှ ဝင်ရောက်ရန်တို့ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။ နိုင်ငံသားစိစစ်ရေး ကဒ်များကွင်းဆင်း ပြုလုပ်ရာ တွင် တော်ကူးအရှေ့ကျေးရွာအ တွင်းရှိအသက်(၁၈)နှစ်ပြည့်ပြီး သူ(၃၀)ဦးအား နိုင်ငံသားစိစစ်ရေး ကဒ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)