ကျောက်မဲ ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆပ်ပြာရည်ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ပြုလုပ်သင်ကြားပေးခဲ့ကြောင်း အဆိုပါသင်တန်းသို့ ဆပ်ပြာဆီပြုလုပ်နည်းကို စိတ်ပါဝင်စားသည့် ဒေသခံပြည်သူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများအတွက် အကျိုးပြုနိုင်မည့် ပန်းချီသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ Computer သင်တန်း၊ စစ်တုရင်ကစားနည်း အခြေခံသင်တန်းစသည့်သင်တန်းများကိုလည်း သက်ဆိုင်ရာပညာရှင်များနှင့်ပူးပေါင်း၍ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)