သိန္နီမြို့နယ်တွင် ဒေသထွက်ဝက်သားချဉ်လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ

သိန္နီ ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ မိသားစုများအနေဖြင့် အပိုဝင်ငွေများရရှိစေရန်အတွက် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် သိန္နီမြို့ ရပ်ကွက်(၄) အတွင်းရှိ ဝက်သားချဉ်လုပ်ငန်းလုပ်ကိုင်သူမိသားစုသည် ဒေသထွက် ဝက်သားချဉ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့တွင် ဝက်သားချဉ်လုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်လာရာမှ စားသုံးသူများ စွဲမက်စွာစားသုံးနိုင်ရေး၊ လက်ဆောင်ပစ္စည်းအနေဖြင့် ဝယ်ယူပေးပို့နိုင်ရေးအတွက် ထုပ်ပိုးမှုလုပ်ငန်းများကို စားသုံးသူများစိတ်ဝင်စားအောင် ရောင်းချလျက်ရှိသည်။ “ဝက်သားချဉ်ပြုလုပ်ရာတွင် ဝက်ခေါက်ကိုပြုတ်၍ ပါးပါးလှီးထည့်ခြင်း၊ ဝက်သားအစိမ်းကို ကြိတ်၍ထည့်ခြင်း၊ ထမင်းအား ပေါင်း၍အအေးခံပြီး ကြိတ်ထား သည့် ဝက်သားအစိမ်းနှင့် ဝက်ခေါက်များကို အချိူးတူညီစွာထည့်ပြီး ထမင်း၊ ယမ်းစိမ်း၊ သကြား၊ ဆားတို့နှင့် ရောစပ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း” ဝက်သားချဉ် လုပ်ငန်းပြုလုပ်သူ ဒေါ်ခင်စောမြင့်က ပြောကြားသည်။

ဝက်သားချဉ်အား ဂျူးမြစ်၊  ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးများနှင့်တွဲဖက်၍ စားသုံးကြကြောင်း၊ စားသုံးသူများအနေဖြင့် ဝက်သားချဉ်အစိမ့်ကိုစားလိုပါက ပြုလုပ်ပြီးသည့်နေ့၌ပင် ချက်ချင်းစားသုံးနိုင်ပြီး ဝက်သားချဉ်ကို အချဉ်ခံ၍ စားသုံးလိုပါက ပြုလုပ်ပြီး ၂  ရက်အကြာတွင် စားသုံးနိုင်ကြောင်း၊ ဝက်သားချဉ် တစ်ထုပ်လျှင် ငွေကျပ်(၅၀၀)နှုန်းဖြင့် ဆယ်ထုပ်စည်း တစ်စည်းလျှင်ငွေကျပ်(၅၀၀၀)နှုန်းဖြင့် ရောင်းချရကြောင်း “ဂုဏ်မြင့်စံ” ဝက်သားချဉ်လုပ်ငန်းမှ သိရသည်။

စောဥမ္မာ(သိန္နီ)