မလှိုင် ဇွန် ၇
၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး ကိုယ်တိုင်ပါဝင်စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ စုစုပေါင်းအင်အား(၃၄၂) ဦးတို့ဖြင့် ကျွန်း၊ တမာ၊ ကုက္ကို၊ ဗန်ဒါ၊ ယင်းမာ၊ မယ်ဇလီ ၊ ရေ တမာ၊ ငုဝါ၊ စိန်ပန်း၊ မယ်ဇယ် စသည့် ပျိုးပင်ပေါင်း(၃ဝ၆)ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှ့အားပေးခဲ့ကြသည်။
အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မှန်ကန်မျှတစေရန်နှင့်သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန်၊ သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံကျေးငှက်တိရစာ္ဆန်များ မှီခိုကျက်စားနိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)