စစ်တွေ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအထဲမှ ၁ဝ ဦးမှာ ရောဂါပိုးမတွေ့ရှိရ သဖြင့် ယမန်နေ့ ညနေပိုင်းတွင် ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့သူ ၁၀ ဦးကို နောက်ထပ် ၂ ကြိမ် စစ်ဆေးရာတွင် Negative (ပိုးမတွေ့) သဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခြင်း ဖြစ်သည်။ ဆေးရုံဆင်းခွင့်ရသူများကို စစ်တွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူ (၁၀)ဦးအတွက် ဝမ်းမြောက်စကားများပြောကြားခဲ့ပြီး သမားတော်ကြီး ဒေါက်တာယဉ်မိုးခိုင်မှ ဆေးရုံဆင်းလူနာများအား လိုက်နာရန် အချက်များကိုမှာကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူ (၁၀)ဦးအား ရောဂါပျောက်ကင်းကြောင်းလက်မှတ်ပေးခဲ့ကြပြီး ဆေးရုံတက်ရောက်နေသော ကိုဗစ်-၁၉ လူနာများ ကျန်းမာစေရန် ဆုတောင်းခြင်းများ ပြုလုပ်ပေးကြသည်။ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူ (၁၀)ဦးတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးခုနစ်ဦးတို့ပါရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် (420 ၊ 421 ၊ 422 ၊ 423 ၊ 424 ၊ 425 ၊ 426 ၊ 430 ၊ 431 ၊ 434 ) တို့ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့ကစ၍ ယနေ့ စက်တင်ဘာ ၅ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉၈ ဦးရှိပြီး စစ်တွေမြို့နယ်တွင် ပိုးတွေ့လူနာ ၂၇၃ ဦးရှိကြောင်းနှင့် ၁၀ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)