မွန်ပြည်နယ်၀န်ကြီးချုပ် ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၆

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျွန်တော်တို့ မျှဝေအသုံးပြုနေကြတဲ့ ပတ်၀န်းကျင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားလေးဘဲ ဖြစ်ပါတယ်  ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၁၉၇၂ ခုနှစ် ဆွီဒင်နိုင်ငံ စတေ့ဟုမ်းမြို့မှာ ကျင်းပတဲ့ပထမအကြိမ် ကုလသမဂ္ဂ လူသားပတ်၀န်းကျင် ညီလာခံကြီးက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပြပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အဆင့်အထိ ကျင်းပလျက်ရှိပါတယ် ၂၀၂၂ ခုနှစ်  ကမ္ဘာ့ပတ်၀န်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ဟာဆိုရင် “တစ်ခုတည်းသော ကမ္ဘာမြေ “ “Only One Earth” ပဲဖြစ်ပါတယ် ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာဂြိုဟ်ဟာကျွန်ုပ်တို့အားလုံးရဲ့ တစ်ခုတည်းနေထိုင်ရာ အိမ်ဖြစ်ပြီး လူသားမျိုးနွယ်တို့ဟာ ကမ္ဘာမြေကြီးပေါ်က အကန့်အသတ် ဖြင့်သာရရှိနိုင်သော အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်ကြောင်း ရည်ရွယ်တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ သဘာ၀ပတ်၀န်းကျင် ပျက်စီးယိုယွင်းလာရင် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်စေ၍ မျိုးစိတ်တွေကို ပျက်သုန်း စေတယ် ရေထု၊ မြေထု၊ လေထုကို ညစ်ညမ်းစေခဲ့ကြတယ် ကမ္ဘာကြီးဟာ ကျွန်တော်တို့ လူသားတွေအတွက် စားနပ်ရိက္ခာတွေ စိုက်ပျိုးဖို့ ကျန်းမာသောဘ၀ကို နေထိုင်ဖို့ လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးသော်လည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုတွေက စိုက်ပျိုးရေးကို ထိခိုက်စေပြီး လူသားတို့၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးသူများ၏ အသက်မွေး၀မ်းကျောင်းကို ထိခိုက်စေသဖြင့် ထုတ်လုပ်လိုက်တဲ့ အစားအစာရဲ့ သုံးပုံတစ်ပုံကို ဖြုန်းတီးနေကြဆဲ ဖြစ်ပါတယ်။ ယနေ့ပစ္စုန်ပ္ပန်နှင့် အနာဂတ်ကို မျှော်ကြည့်မယ်ဆိုရင် ကမ္ဘာကြီးဟာ အပူလှိုင်း၊ မိုးခေါင်ခြင်း၊ ရေလျှံခြင်း၊ တောမီးလောင်ခြင်း၊ ကပ်ရောဂါ စတဲ့ ညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ဒီလို ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရမှာသာ တာ၀န်ရှိတာ မဟုတ်ဘဲ လူသားတိုင်းမှာ တာ၀န်ရှိပါတယ် မွန်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းနှင့် ရှည်လျားစွာ ထိစပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး သဘာ၀သယံဇာတ အရင်းအမြစ်ပေါများသည့် ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ပြည်နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လမ်းပန်း ဆက်သွယ်မှု၊ စက်ရုံအလုပ်ရုံ၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၀န်ဆောင်မှု စတဲ့ကဏ္ဍများ အပါအ၀င် သယံဇာတထုတ်ယူခြင်း လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူရန် လိုအပ်သလို တစ်ဖက်မှာလည်း ဖွံ့ဖြိုးလာသည်နှင့်အမျှ သဘာ၀ပတ်၀န်းကျင်အား ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ ထိရောက်စွာ စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်။ လူသားတိုင်း နိုင်ငံတိုင်းနှင့် သက်ဆိုင်နေသော တစ်ခုတည်းသော ကမ္ဘာကြီး Only One Earth ကို ဝိုင်း၀န်းထိန်းသိမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးအောင်ကြည်သိန်းက ကုလသမဂ္ဂ ပတ်၀န်းကျင် အစီအစဉ်မှ ပေးပို့လာသော သ၀ဏ်လွှာအားဖတ်ကြားပြီး ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video အားပြသခဲ့သည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်