ထန်းတပင်၌ ဓာတ်အားပျောက်ဆုံးမှုများ မရှိစေရေး ဓာတ်အားလိုင်း သန့်ရှင်းရေးဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင်၊  ထန်းတပင်မြို့နယ်တွင် ဓာတ်အားပျောက်ဆုံး လျော့နည်းမှုများ မရှိစေရေး၊ ပြည်သူများအား ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးရေးနိုင်ရေးနှင့် ဓာတ်အား မပြတ်တောက်မှုများမရှိစေရေးတို့အတွက် ယမန်နေ့က ဓာတ်အားလိုင်းများနှင့် မလွတ်သည့်နေရာများတွင် လိုင်းသန့်ရှင်းရေးတို့ကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်လည်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးသိန်း ဦးဆောင်၍ မြို့နယ် လျှပ်စစ်ရုံးမှဝန်ထမ်းများက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် လမ်းမတစ်လျှောက်ရှိ လမ်းဘေးဝဲယာ တစ်လျှောက်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများနှင့် 33/11 KV, 5MVA ကျူတောဓာတ်အားခွဲရုံအဝင် 33 KV ဓာတ်အားလိုင်းအနီးတို့တွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် လိုင်းသန့်ရှင်းရေးတို့က အပတ်စဉ်အနေဖြင့်လည်း ဝန်အားလျော့ကာလများတွင် ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးမျိုးသိန်းထံမှ သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)