ဒဂုံမြို့နယ် ဦးဝိစာရလမ်းတစ်လျှောက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ဒဂုံ၊ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းမကြီးတစ်လျှောက် ဒဂုံပန်းခြံမှ ဦးဝိစာရအဝိုင်းထိ ပြည်သူများ၊ မော်တော်ယာဉ်များသွားလာရာတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက်  လမ်းဘေး ဝဲ/ယာဓါတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက် ၆ နာရီက  မြို့တော်စည်ပင်ပန်းဥယျာဉ်ဌာနမှ   အနောက်ပိုင်းခရိုင်မှူး     ဦးဇော်ဝင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ယခုလိုခုတ်ထွင်ရှင်းလင်းပေးခြင်းဖြင့် မိုးရာသီကာလ၌ဖြစ်ပွားတတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ဆွေးမြေ့ကျိုးကျခြင်း ဖြစ်ပေါ်နိုင်သောကြောင့်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး  နေ့စဉ် ခရီးသွားပြည်သူများ၊ ယာဉ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။ မြို့နေပြည်သူများအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ် အန္တရာယ်ကင်းဝေးစေပြီး ဗို့အားပြည့်ဝ တည်ငြိမ်စွာ ပိုမိုသုံးစွဲနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)