သထုံ ဇွန် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာတွင် ယနေ့ နံနက်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီး ဌာနမှ စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သထုံမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးမင်းအောင်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကတိုက်ကြီး မူလတန်း(လွန်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူ များက သတ်မှတ်နေရာအသီးတို့၌ မန်ဂျန်ရှား ပျိုးပင်ပေါင်း ၁ ၂၁၀ ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန မြေနီကုန်း ပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ဘောစကိုင်း၊ ငုရွှေဝါ၊ စိန်ပန်း၊ ဗန်ဒါ၊ ကုက္ကိုနှင့် ပေါက်ပန်းဖြူ ပျိုးပင်အမျိုးအစား ၁၁ မျိုးခန့်အား အပင်ပေါင်း ၄၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
နဒီ(ခရိုင်ပြန်/ဆက်)