ဗန်းမော် ဇွန် ၅
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ “မြညီလာခန်းမ” ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လစဉ်တိုင်းတာနေသော လေထုရေထု အခြေအနေများအရ ဗန်းမော်မြို့တွင်လည်း လေထုရေထုညစ်ညမ်းမှုများ ရှိနေပြီဖြစ်၍ ယခုထက် ပိုမိုဆိုးရွားစွာ မဖြစ် လာစေရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်သွားကြရန်” လိုအပ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယိုများကို ပြသကာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "တစ်ခုတည်းသော ကမ္ဘာမြေ" ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ရောင်စုံပန်းချီပြိုင်ပွဲနှင့် အလယ်တန်းအဆင့်၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသူ၊ ကျောင်းသားများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်(ပြန်/ဆက်)