ပြင်ဦးလွင် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အ.ထ.က(၁) ပြင်ဦးလွင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များက စတင်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်သည် နှစ် (၅၀) ပြည့်သည့် အချိန်အခါ သမယလည်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “Only One Earth” (တစ်ခုတည်းသော ကမ္ဘာမြေ) ဖြစ်ပါကြောင်း၊ ဆောင်ပုဒ် အတိုင်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှစ၍ မိမိတို့သည် သဘာဝတရားနှင့် အညီ ရေရှည်တည်တံ့ ခိုင်မြဲစွာနေထိုင်ရန်နှင့် မူဝါဒများ၊ တစ်ဦးချင်း၏ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ နေထိုင်နိုင်မည့် နည်းလမ်း ရွေးချယ်မှုများမှ တစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှု ပုံစံသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်ခုတည်းသော ကမ္ဘာမြေပေါ်တွင် လူသားများအနေဖြင့် ဆက်လက်ရှင်သန်ရေးသည် ပစ္စုပ္ပန် မျက်မှောက်ရှိ လူသားများမှ နောင်သားစဉ်မြေးစက်တိုင်အောင် သန့်ရှင်းကောင်းမွန်သော ဖွံ့ဖြိုး တိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ရေးကို လက်ဆင့်ကမ်းပေးနိုင်ရေး တစ်ဦး တစ်ယောက်ချင်းစီမှ ပါဝင်၍ အဖွဲ့အစည်းအလိုက် လှုပ်ရှားဆောင်ရွက်ကြပြီး သဘာဝ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စား UNEP အမှုဆောင် ညွှန်ကြားရေးမှူး အန်ဂါအင်ဒါဆန်၏ သဝဏ်လွှာဖတ်ကြားသည့် Video Click အား ပြသခြင်း၊ “ONLY ONE EARTH” ပတ်ဝန်းကျင်ထိန်းသိမ်းရေး Video Click အား ပြသခြင်းနှင့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြ ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)