သံဖြူဇရပ် မေ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇနူထောဘုန်းတော်ကြီးကျောင်း ထိုင်တော်မူဘုရားကြီးဓမ္မရုံ၌ ကျင်းပပြုလုပ်ရာ မွန်ဒေသလုံးဆိုင်ရာ ဆရာတော်ကြီးများ၊ သံဖြူဇရပ်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ပူဇော်ဖွင့်လှစ်ပြီး မွန်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်များထံမှ သြဝါဒခံယူပြီး မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသီလဝန္တက ဩဝါဒစကားမြွတ်ကြားသည်။ ထို့နောက် သံဖြူဇရပ် မြို့နယ်လုံးဆိုင်ရာ နိကာယသသံဃာအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဓိပတိ စူကကျောင်း ဆရာတော်က သြဝါဒချီးမြှင့်ပြီး သံဖြူဇရပ်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက အမှာစကားပြောကြားသည်။ ပြီးနောက် မွန်အမျိုးသား ကျောင်းမှ ဆရာမတစ်ဦးနှင့် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်နှင့် တာဝန်ရှိသူများက မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ကြောင်း၊ အခမ်းအနားကို သံဖြူဇရပ် မြို့နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝိုင်အမ်ဘီအေအသင်း မြို့နယ်ဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုနှင့် အမှုဆောင်ကော်မတီဝင် များ၊ ဆုရကျောင်းသား/သူများ စုစုပေါင်း (၂၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)