ပြင်ဦးလွင်မြို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပြင်ဦးလွင် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပွဲကို ယမန်နေ့ နံနက် (၇)နာရီက ရပ်ကွက်ကြီး (၅)ရှိ၊ ခုတင် (၃၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရန်အတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ပြင်ဦးလွင်တပ်နယ်မှ အရာရှိစစ်သည်များနှင့် တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၅၀၀)ဉီးခန့်တို့က ခုတင် (၃၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း၌ အမှိုက်များ ရှင်းလင်းခြင်းကို အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသည့် ခုတင် (၃၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။ 

ခရိုင် (ပြန်/ဆက်)