မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မိုးနဲ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်နှံ့မှုမရှိစေရေးအတွက် မြို့မ‌ဈေးတွင် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က အဆိုပါဈေးတွင် ပူးပေါင်းအဖွဲ့များ နှင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ယင်းသို့‌ ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် နှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေ ၊မြို့နယ်ကြက်‌ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးတိုးလှနှင့် ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝေငြိမ်းနှင့်အဖွဲ့ဝင်များ၊ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့မဈေး အဝင်/အထွက်‌‌ နေ့ရာများတွင်  ရှမ်း/မြန်မာ နှစ်ဘာသာဖြင့်ထုတ်ဝေထား‌သော ကိုဗစ်-၁၉ ရောဂါ‌ ဆိုင်ရာအသိပညာပေးပိုစတာများ ကပ်ထား ဆောင်ရွက်ခြင်း၊ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ပြည်သူများလိုက်နာ ရမည့်အချက်များကို အသံချဲ့စက်ငယ် ဖြင့် အသိပညာပေးနှိုး‌ဆော်ခြင်း ၊ဈေးသို့ လာရောက်သူနှင့် ဈေးရောင်းသူများ နှာခေါင်းစည်းတပ်ဆင်ကြရန်နှင့် နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိ သူများအား နှာ‌ခေါင်း စည်းများအခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)