ကျောက်ဖြူ ဇွန် ၅
၂၀၂၂ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ သက်ဆိုင်ရာကုမ္ပဏီ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများမှ ဝိုင်းဝန်း ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့၌ ပထမအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံကြီး (United Nation Conference on Human Environment) ကျင်းပခဲ့သည့် ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မှုရှိလာစေရန်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုပြဿနာများ အနက်နှစ်အလိုက် ပေါ်ပေါက်နေသည့် အရေးကြီးပြဿနာများ နှင့် အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိကာ အလေးထားဖြေရှင်းလာကြစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို နှစ်စဉ်ထုတ်ပြန် သတ်မှတ်ပေးခဲ့ကာ အပြည်ပြည်ဆိုင်ရာ အခမ်းအနားများကို နိုင်ငံအသီးသီးရှိမြို့ကြီးများ တွင် နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “Only One Earth” ‘တစ်ခုတည်းသော ကမ္ဘာမြေ’ ဟု သတ်မှတ်ထားကြောင်း အစရှိသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းနှင့် အထိမ်း အမှတ် ဆောင်ပုဒ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သည့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “တစ်ခုတည်းသော ကမ္ဘာမြေ” “Only One Earth” နံရံကပ်ပိုစတာများ၊ နံရံကပ်စာစောင်များနှင့် ဌာနအတွင်းအသုံးပြုသည့် စက်ကိရိယာပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အားလည်းကောင်း၊ ကုမ္ပဏီများမှ ပြသထားသည့် နံရံကပ် ပိုစတာများအားလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါ ဦးစီးဌာနနှင့် ကုမ္ပဏီများမှတာဝန်ရှိသူများက တက်ရောက်လာသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)