ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင် စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု တော့မည်ဖြစ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁၀၀/ ၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဥ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန် စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ အသိပေးချက်အား စားသောက်ဆိုင်ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် အတွက် ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာပေးလျှက်ရှိကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)