ပုဏ္ဏားကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဇွန် ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်အတွင်း၌ လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်  အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အဖွဲ့(၄)ဖွဲ့ခွဲကာ စံပြရပ်ကွက်၊ မြို့သစ် ရပ်ကွက်၊ အလယ်စုရပ်ကွက်၊ ရွာဟောင်းရပ်ကွက်တို့တွင် ရေတွင်း၊ ရေလှောင်ကန်များ၊ ဘုရား ပန်းအိုး၊ ရေးအိုးများနှင့် ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)