ဟိုပန် ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဝင်ငွေ တိုးတက်ရရှိစေရန်၊ မိုးနေကြာစိုက်ပျိုးမှု တိုးတက်လာစေရန်နှင့် ဒေသတွင်း ဆီဖူလုံမှုရရှိကြစေရန်တို့ကို ရည်ရွယ်၍ မိုးနေကြာသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ(၄)နာရီက ဖာလင်ကျေးရွာရှိ တောင်သူ ဦးအိုက်လော့၏ ယာမြေတစ်ဧက၌ လက်တွေ့ကွင်းဆင်းစိုက်ပျိုးပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစိုက်ပျိုးရာတွင် ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိုက်စိုးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ဖာလင် ကျေးရွာရှိ တောင်သူများအား နေကြာသီးနှံ စပ်မျိုးနေကြာစိုက် စနစ်နည်းပညာပေး ဟောပြောခြင်း၊ လက်တွေ့ပြသစိုက်ပျိုးပေးခြင်း၊ မိုးနေကြာ ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့များနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေကြာသီးနှံ စိုက်ပျိုးမှုအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြသည်။
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် နေကြာသီးနှံကို (၅)ဧက စိုက်ပျိုးထားပြီး ဖြစ်ကြောင်းနှင့် မိုး၊ ဆောင်းရာသီများ၌ (၃၅)ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)