မန္တလေး၊ စက်တင်ဘာလ ၆
မန္တလေးမြို့ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်ဈေးများတွင် အဆင့်မြင့်ဈေးချိုတော်သည် ပထမဆုံး မီးအာမခံနှင့် မြေငလျင်အကာကွယ်အာမခံထားရှိသောဈေးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံရုံးမှ သိရသည်။
"မန္တလေးမြို့မှာ ဈေးချိုတော်က ပထမဆုံးအာမခံစပြီးထားတဲ့ဈေးပါ။ ဈေးချိုတော်ကြီး မီးအာမခံထားရှိဖို့အတွက် ၃လပိုင်း ၂၀၂၀ မှာ ဈေးအကျိုးတော်ဆောင် ဦးအောင်မြင့်သိန်းနဲ့အဖွဲ့က အမတို့နဲ့တွေ့ဆုံပြီး နိုင်ငံတော်မြန်မာ့အာမခံမှာ မီးအာမခံထားရှိဖို့အတွက် ဆုံးဖြတ်ချက်ချပြီးတော့ အဆိုလွှာလေးတင်သွင်းတယ်။ ဒီအဆိုလွှာတင်ပြချက်အပေါ်မှာ ကျသင့်တဲ့ Premium နှုန်းထားလေးအပေါ်မှာ သတ်မှတ်ပြီးတော့မှ သွင်းရမယ့် Premium ကိုလည်းအကြောင်းကြားခဲ့တယ်။ ဒီကြားထဲမှာ COVID ကာလလေးလည်းဖြစ်သွားတဲ့အတွက် ဈေးမှာလည်း တစ်ချို့ဆိုင်တွေမှာ ပိတ်နေတဲ့အတွက် ဈေးအကျိုးတော်ဆောင်အနေနဲ့ Premium ကောက်ခံမှုကို ဈေးအကျိုးတော်ဆောင်ရန်ပုံငွေထဲကနေ ကျသင့်တဲ့မီးအာမခံကို စိုက်ထုတ်ပြီးတော့ပေးသွင်းမှာ ဖြစ်တယ်။ ပြီးတော့မှ ဈေးဆိုင်ခန်းတွေအပေါ်မှာ တစ်ဆိုင်ခန်းစီမှာ Premium လေးတွေမှာ ပြန်လည်ကောက်ယူမှာ ဖြစ်ပါတယ်။
ဈေးချိုရဲ့ မြေညီထပ်ရယ်၊ ပထမထပ်ရယ်၊ ဒုတိယထပ်ရယ်၊ ၃ ထပ်ကို အာမခံထားတယ်။ စုစုပေါင်း အာမခံထားငွေကတော့ ကျပ်သိန်းပေါင်း လေးသောင်းငါးထောင်လေးရာငါးဆယ့်သုံးသိန်း ထားမှာဖြစ်ပါတယ်။ အခုပထမနှစ် သွင်းရမယ့် Premium ကတော့ ကျပ်သိန်းသုံးရာသွင်းရမှာ ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းတာဝန်ခံ ဒေါ်ချိုချိုခင်က ပြောသည်။
အဆင့်မြင့်ဈေးချိတော်၏ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်အတွက် မီးအာမခံနှင့် မြေငလျင်အကာအကွယ်ကို အာမခံထားငွေ ကျပ်သိန်းပေါင်း လေးသောင်းငါးထောင်လေးရာငါးဆယ့်သုံးဖြင့် အာမခံထားမှာဖြစ်ပြီး ပထမနှစ်အတွက် ပရီမီယံကြေး ကျပ်သိန်းသုံးရာကို စက်တာဘာလ ပထမအပတ်တွင် ပေးသွင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
"အဆင့်မြင့်ဈေးချိုတော်အဆောက်အဦကို မီးနဲ့ငလျင်ဘေးဒဏ်ကာကွယ်တားရေ အာမခံထားရေးကိစ္စကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာပါ၊ ဈေးသူဈေးသားများရဲ့ တင်ပြလာမှုအပေါ် အာမခံထားရှိရေးအတွက် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံတင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန် ပိုင်းမှာ ခွင့်ပြုချက်ပေးခဲ့ပါတယ်၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ အဆောက်အဦကိုမီးနဲ့ငလျင်ဘေး ကာကွယ်ထားရှိရေးကိစ္စကို ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးအဆောက်အဦကို အာမခံ ၄ ဒသ ၅ ဘီလီယံနဲ့ ထားရှိဆောင်ရွက်သွားမှာပါ၊ မြေညီထပ်လွှာ ပထမထပ်လွှာ၊ ဒုတိယထပ်အလွှာတို့ပါဝင်မှာ ဖြစ်ပါတယ်။ တစ်နှစ်စာသွင်းရမယ့် ပရီမီယံကြေး ကျပ်သိန်းသုံးရာကို အဆင့်မြင့်ဈေးချိုတော်နဲ့ တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ရန်ပုံငွေထဲကနေ စိုက်ထုတ်ပေးသွင်းသွားမှာဖြစ်ပြီး ဈေးသူဈေးသားတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆိုင်ခန်းတစ်ခန်းစီကျသင့်တဲ့ အာမခံကြေးကိုလစဉ်ပြန်လည်ကောက်ခံသွားမှာဖြစ်ပါတယ်"ဟု အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီးဈေး အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းထွန်းက ပြောသည်။
အဆင့်မြင့်ဈေးချိုတော် အဆောက်အဦးကို အာမခံထားရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး အသိပေးလွှာများကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဆိုင်ခန်းရှင်များအားလုံးကို ဝေငှပေးခဲ့ပြီး အာမခံထားရှိခြင်းနှင့်ပတ်သက်ပြီး မရှင်းလင်းသောအချက်များ၊ မေးမြန်းလာသောအချက်များကို ဖြေကြားပေးခဲ့ကြောင်း၊ အာမခံထားရှိခြင်းကိစ္စအပေါ်မှာ ဈေးဆိုင်ပိုင်ရှင်များက ပါဝင်ဆောင်ရွက်ရန် သဘောထားပေးသည့်အတွက် စက်တင်ဘာလ ၁ ရက်နေ့တွင် ဈေးသူဈေးသားဆိုင်ခန်းရှင်များ ကိုယ်စားသက်ဆိုင်ရာရုံ ကိုယ်စားလှယ်တွေက အာမခံကြေးပေးသွင်းရန်ကတိပြုလက်မှတ်ထိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။
ထိပ်ထားနိုင်