အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)၌ ကျောင်းအပ်လက်ခံခြင်းနှင့် ပထမနှစ်သင်တန်းသားများ စာသင်ကြားလျက်ရှိ

စစ်တွေ ဇွန် ၄

စစ်တွေမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)ကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်းသည် သုံးနှစ်သင်တန်းဖြစ်ပြီး အဆောက်အဦနည်းပညာ၊ အီလက်ထရောနစ်နည်းပညာ၊ လျှပ်စစ်နည်း ပညာနှင့် မော်တော်ယာဉ်နည်းပညာ ဘာသာရပ်များကို သင်တန်းတွင် သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းကို တက်ရောက်ပြီးစီးပါက အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း လက်မှတ် ရရှိမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် GTI,GTC များသို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)ကို ဇွန် ၂ ရက်နေ့မှ ၂၀ ရက်အထိ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းတွင်းအဆောင်နေကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များစီစဉ်ဆောင်ရွက်ထားရှိကာ ဇွန်လ ၃ ရက်နေ့ထိ ပထမနှစ်သင်တန်း တက်ရောက်ရန် ဝင်ခွင့်ရသူ(၄၉)ဦးတွင် ကျောင်းအပ်နှံသူ ၂၆ ဦး စတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)