ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာစျေးအတွင်း၌ စျေးဝယ်သူပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask များအခမဲ့ဖြန့်ဝေပေးခြင်းများကို မြို့နယ် (၂) မြို့နယ်၏ ကြက်ခြေနီအသင်းများမှ ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမြင့်ဇော်၊ တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးတို့က ဦးဆောင်၍ မြို့နယ် (၂) မြို့နယ်ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ ယုဇနပလာဇာစျေး၏ အဝင်၊ အထွက် နေရာများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူ များအား Mask များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာ ပေးခြင်းများကိုပါ နှိုးဆော်အသိပေး ဆောင်ရွက်ခဲ့ကြသည်။ ပြည်သူများအတွက် Mask အခုရေ (၁၀၀၀) ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားဖို့အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမြင့်ဇော် ထံမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)