နမ္မတူ ဇွန် ၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က နမ္မတူ မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နမ္မတူမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်လွင်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေ တတ်တဲ့ ခြင်များပေါက်ဖွားတတ်သော နေရာများ၊ ရောဂါလက္ခဏာများနှင့် အဖြစ်များသော လရာသီ၊ သွေးလွန်တုပ်ကွေးရောဂါ ဟုတ်/မဟုတ် သိရှိနိုင်သည့် နည်းလမ်းများ၊ အန္တရာယ်ရှိသည့် လက္ခဏာများ၊ ရောဂါကူးစက်ခံရလျှင် ကုသမှုခံယူရန်နည်းလမ်းများနှင့် စာသုံးသင့်သည့်အစားအစာများစသည့် အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော်