ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေး အခြေခံကျန်းမာရေးဝန်ထမ်း များအားပို့ချမှု (HPV vaccine introduction to BHS) သင်တန်းကို ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်က သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း ရည်ရွယ်ချက်များနှင့် ကျန်းမာရေးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးလုပ် ငန်းများနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပို့ချရမည့်အချက်အလက်များအား သင်တန်းနည်းပြ (၂) ဦးမှ သင်ကြားပို့ချခဲ့ပြီး ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင် (၂၄) ဦးတို့မှ တက်ရောက်သင်ကြားခဲ့ကာ သင်တန်းကာလ (၁) ရက်ဖြစ်ကြောင်းနှင့် သင်တန်းကို Social Distancingနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ကို ထိုးနှံရာတွင် အသက် (၉) နှစ်ပြည့်မှ အသက် (၁၀)နှစ် အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်း မွေးဖွားသူ မိန်းကလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျန်းမာရေးဆရာမများမှ စာရင်းကောက်ယူထားပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်း ရပ်ကွက်များအလိုက်ကွင်းဆင်းထိုးနှံနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်းလည်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)