သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မရှိစေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

သုံးခွ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မရှိစေရေး အတွက် မြို့နယ်အတွင်းအသံချဲ့စက်ဖြင့်   လိုက်လံ အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ အသိပေးနှိုးဆော်ရာတွင်  သုံးခွမြို့ပေါ် ရပ်ကွက်များအတွင်းရှိ  ပြည်သူ များကို  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်  ရောဂါကူးစက်ပျံ့နှံမှုကို  ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်  ပြည်သူများ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေးရှောင်ကြဉ် ကြရန်၊ နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင် ကြရန်၊အပြင်မှ ပြန်လာပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စနစ် တကျ  စက္ကန့် ၂၀ ခန့် ကြာအောင် ဆေးကြောသန့်စင်ကြရန်၊ ကိုယ်အပူချိန်မြင့် တက်လာပါက စိုးရိမ်မှုမရှိစေဘဲ နီးစပ်ရာဆေးရုံဆေးခန်း များသို့အမြန်ဆုံးပြသပြီး ကုသမှုခံယူကြရန် တို့ကို  မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ ၀င်များက မီးသတ်ယာဉ်ဖြင့် သံချဲ့စက်တပ်ဆင်ကာ လိုက်လံအသိပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်လံ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးဌာနတို့မှ နေ့စဉ်လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်