ပေါက်တောမြို့၌ အသစ်ခန့်အပ်မည့် မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တို မွမ်းမံသင်တန်းဖွင့်လှစ်

ပေါက်တော ဇွန်  

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ဘွဲ့ရအသစ်ခန့်အပ်မည့် လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယနေ့နံနက် (၉)နာရီက ဖွင့်လှစ်သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး  ဦးမောင်ဝင်းလှိုင်မှ အဖွင့်အမှာစကား ​ပြောကြားသည်မှာ ယခုအသစ်ခန့် ဆရာ/ဆရာများမှာ ယနေ့မှစ၍ နိုင်ငံဝန်ထမ်းများဖြစ်နေကြသည့်အတွက် "ဆရာ" ဆိုသည့် ဂုဏ်ပုဒ်နှင့် လိုက်လျောညီထွေသော  စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသော ဂုဏ်ပုဒ်များနှင့် အညီ ကျင့်သုံးကြရန်လိုအပ်ကြောင်း၊ မိမိတို့တာဝန်ကျသည့် နေရာများသို့ ဝေးသည်ဖြစ်စေ နီးသည် ဖြစ်စေ တာဝန်ကျရောက်သည့် နေရာများတွင် တာဝန်ကျေပွန်စွာ စေတနာထား၍ သင်ကြားကြစေလိုကြောင်း၊ ယခုသင်ကြားပို့ချသည့် ရက်တို သင်တန်းတွင် ဆရာဆိုသည့်တာဝန်ကို ယခုမှစ၍တာဝန်ယူကြရမည်ဖြစ်၍ သင်တန်းပို့ချသင်ကြားရာတွင် အလေးအနက်ထား ဆောင်ရွက် သင်ကြားကြပြီး တာဝန်ကျေပွန်သော ဆရာ/ဆရာမများ ဖြစ်နိုင်ကြပါစေဟု ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ အသစ်ခန့်အပ်သည့် ဆရာ/ဆရာမ စုစုပေါင်း (၆၃) ဦး တက်ရောက်ကြပြီး သင်တန်းပို့ချမည့်ကာလမှာ ဇွန်လ (၄) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း မြို့နယ် ပညာရေမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်