ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နန့်ရင်းရိပ်သာနှင့် ခရိုင်ရဲရုံးလမ်းသစ်တို့အား တက်ရောက် ဖွင့်လှစ်ပေးပြီး ဟိုပင်မြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား မေ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်းဝင်းအတွင်းရှိ နန့်ရင်းရိပ်သာအဆောက်အအုံသစ်အား ဖွင့်လှစ်ပေးကြသည်။

အဆိုပါ နန့်ရင်းရိပ်သာ အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးမြင့်ထွန်းနှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နန့်ရင်းရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ထိုမှတစ်ဆင့် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၁၃၈၅.၄၂၆)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့သော လမ်းအရှည် (၁၀၁၀၀)ပေ၊ အကျယ် (၃၆)ပေရှိ ခရိုင်ရဲရုံးလမ်း နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီး များ၊ မိုးညှင်းတပ်နယ်မှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မိုးညှင်းမြို့နယ် စည်ပင်သာယာ အဖွဲ့၏ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုးညှင်းမြို့နယ်အတွင်းရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့ (၁၀)ခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ ကျင်းပပြီး ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှု စီးပွားဘဝတိုးတက်မြင့်မားရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပရဟိတလူမှုရေး အသင်းအဖွဲ့များအား ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲ လိုအပ်ချက်၊ အခက်အခဲ များကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပံ့ပိုးကူညီပေးရန်ကိစ္စရပ်များ၊ ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပရဟိတလူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၁၆)သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟိုပင်မြို့သို့ သွားရောက်ပြီး မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဝန်ထမ်းများအနေဖြင့် အခက်အခဲ၊ အကြပ်အတည်း ဖြစ်ပေါ်သော်လည်း မိမိတို့တာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့မိမြို့ဖတစ်ဦးက မြို့ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်း၊ တံတား၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများအတွက် ငွေကျပ် (၂၁) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်