ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပုဏ္ဏားကျွန်း ဇွန် ၃

နိုင်ငံတစ်ဝန်း၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျောင်းသား/သူများအား “ကာကွယ်ဆေးဖြင့် လွမ်းခြုံအပ်သော အနာဂတ်ပန်းခင်းလမ်းဆီသို့” ကျောင်းနေအရွယ်ကလေးများမှတဆင့် ပြည်သူလူထုများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ နှင့်စေတနာ့ဝန်ထမ်းတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြပြီး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီး၊ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinoparm)များအား ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ရရှိသော ကလေးငယ်တို့ကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများအား ဆောင်ရွက်ပေးပြီး၊ ယမန်နေ့က မြို့ပေါ်မူလွန်ကျောင်း  ၅ ကျောင်းတွင် အသက် ၅ နှစ် ၁၂ နှစ်အတွင်း ကျောင်းသား/သူ ၄၈၁ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)