ရန်ကုန် စက်တင်ဘာလ ၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းကို ယနေ့နံနက်က လူစည်းရာနေရာများဖြစ်သော အောင်ဇေယျဈေး၊ သမ္မတကမ်းခြေကူးတို့ဆိပ်၊ ကမာအောင်ကူးတို့ဆိပ်၊ စက်မြေကူးတို့ဆိပ်၊ တံလျှပ်ကူးတို့ ဆိပ် နှင့် ဒလသင်္ဘောဆိပ်ကမ်း တို့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ပညာရေးနှင့်ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ခရီးသွားမိဘပြည်သူများ၊ ဈေးသည် များနှင့် ဈေးဝယ်သူများအား အသိပညာပေးခြင်း၍ လက်ကမ်းစာစောင် အခု ၃၀၀၀ နှင့် နှာခေါင်းစည်း (Mask) အခု ၃၀၀၀ ကို ဖြန့်ဝေခဲ့ကြသည်။
ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)