ကျောက်တန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တန်း  စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင်  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကျောက်တန်းမြို့နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသောင်းဝင်းက အဖွင့်အမှာ စကားပြောကြားရာ၌  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ (၂၀) ရက်နေ့တွင် စတင်ကြေညာ ပေးသွားမည်ဟု သိရှိရပါကြောင်း၊မဲဆန္ဒရှင်စာရင်းတွင် အသက်(၁၈) နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရန် လိုအပ်ပါကြောင်း၊ အမည်နှင့် မှတ်ပုံတင်နံပါတ်များမှန်ကန်မှုရှိရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များကမိမိတို့တာဝန်ကျ ရပ်ကွက်/ကျေးရွာများအလိုက် မဲဆန္ဒရှင်စာရင်း များကို စက်တင်ဘာ ၇ ရက်နေ့မှ စတင်စစ်ဆေးသွားရန်၊ တာဝန်ကျနယ်မြေများသို့ကွင်းဆင်းပြီး မဲရုံများ၏ မြေပြင်အနေအထားများကို စစ်ဆေးစေလိုကြောင်းနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး စီမံချက်ဆွဲ ထားပြီး ဖြစ်ပါကြောင်းနှင့် ၎င်းစီမံချက်အပေါ် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်စုစုလွင်က မိမိတို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိ ရေးဆောင်ရွက်ထားရှိမှုနှင့် သင်တန်းဖွင့်လှစ်ရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုအပ်သည်များကို အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)