စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

စဉ့်ကူး    ဇွန်    ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးဆေးရုံ(၂)ထပ်ဆောင်၊ လက်ပန်လှကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ထုံးကြီးကျေးရွာကျေးလက်ကျန်းမာရေးဌာနတို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိ သည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို (၂-၆-၂၀၂၂)ရက်နေ့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၅၂၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၂၃၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခဲ့ပြီး (၃-၆-၂၀၂၂)ရက်‌နေ့ ယနေ့တွင် ဆက်လက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိသည်။ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို လစဉ်လဆန်း(၂)ရက်နှင့် (၃)ရက်နေ့များ တွင် စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)