မံစီ ဇွန် ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဟန်ထက်ကျေးရွာအနီး (ဟန်ထက်-မန်သာ-စီအူ) ကားလမ်းဘေး ကတော့တောင်ကြိုးပင် ကာကွယ်တောအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဟန်ထက်ကျေးရွာနေ ပြည်သူများ ပူးပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ဗန်ဒါ၊ ခရေ၊ တောင်သမာ၊ စိန်ပန်းပြာ စသည့် သစ်ပျိုးပင်ပေါင်းစုံ ( ၁၀၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မံစီမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်ပျိုးပင်များကို ပြုစုပျိုးထောင်၍ နှစ်စဉ် မိုးရာသီကာလများတွင် ပြည်သူများထံသို့ သစ်ပျိုးပင်များကို အခမဲ့ဖြန့်ဝေခြင်း၊ ကျေးရွာထင်း စိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ ( တစ်အုပ်တစ်မ ) စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေပြီး ယခုနှစ်ဖြန့်ဝေရန်အတွက်လည်း ကျွန်း (၅၀၀၀)ပင်၊ ပျဉ်းကတိုး (၃၀၀၀)ပင်၊ မန်ဂျန်ရှား (၃၀၀၀)ပင်၊ ခရေ (၁၀၀၀)ပင်၊ ဗန်ဒါ (၁၀၀၀)ပင်၊ တောင်သမာ (၅၀၀)ပင်၊ ငါးပေါက် (၅၀၀)ပင်၊ မယ်ဇလီ (၅၀၀)ပင်၊ ကညင်(၅၀၀)ပင် စသည်ဖြင့် သစ်ပျိုးပင်ပေါင်း ( ၁၅၀၀၀ ) ကို ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)