နမ့်ဆန် ဇွန် ၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများကို ယမန့်နေ့က အိမ်တိုင်ရာရောက် သွားရောက်၍ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ့်ဆန်မြို့ပေါ်ရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် ဘုရားကြီးကျေးရွာများရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၂၀၃)ဦးတို့အား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်း ဥက္ကဋ္ဌဒေါ်စုလတ်စိုးနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ ၂၀၂၂−၂၀၂၃ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ်စီ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ့်ဆန်မြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား စုစုပေါင်း(၂၀၃)ဦးရှိကာ ၎င်းတို့ အားသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်ချိတ်ဆက်၍ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းတစ်ဦးစီးဌာနမှ သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)